ရှင်မာကု
ပြုစုသည့်သတင်းကောင်း
နိဒါန်း
ရှင်မာကုခရစ်ဝင်တည်းဟူသောရှင်မာကုပြုစုသည့် သတင်းကောင်းတွင်ပါရှိသောအကြောင်းအရာမှာ ဘုရားသခင်၏သားတော်သခင်ယေရှု၏အကြောင်း သတင်းကောင်းပင်ဖြစ်ကြောင်းကျမ်းဦး၌ဆိုထားသည်။ ဤကျမ်းတွင်သခင်ယေရှုကိုတန်ခိုးအာဏာနှင့်ပြည့်စုံ သောအရှင်၊ လက်တွေ့လုပ်ဆောင်သောအရှင်အဖြစ်တင်ပြ ထား၏။ သခင်ယေရှု၌တန်ခိုးအာဏာရှိကြောင်းကို ကိုယ်တော်သွန်သင်တော်မူသောသြဝါဒများအားဖြင့် လည်းကောင်း၊ နတ်မိစ္ဆာများကိုနှိမ်နင်းတော်မူပုံနှင့်လူတို့ ၏အပြစ်များကိုဖြေလွှတ်တော်မူပုံများအားဖြင့် လည်းကောင်းသိရှိနိုင်လေသည်။ သခင်ယေရှုကိုယ်တော်တိုင် ကလည်း မိမိသည်လူတို့၏အပြစ်များကိုဖြေလွှတ် အံ့သောငှာအသက်တော်ကိုစွန့်တော်မူရန် လောကသို့ ကြွလာတော်မူသော "လူသား" ပင်ဖြစ်သည်ဟု မိန့်တော်မူသည်။
ရှင်မာကုသည်သခင်ယေရှု၏သက်တော်စဥ်ကို တင်ဆက်ရာဝယ်၊ ကိုယ်တော်မိန့်တော်မူသောစကားများ နှင့်သွန်သင်တော်မူသောသြဝါဒများကိုအလေးပေး သည်ထက်၊ ကိုယ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကိုပိုမိုအလေးပေးကာ၊ ရိုးရိုးစင်းစင်း တင်ပြထားသည်။ ကျမ်းပြုစုသူသည်ဗတ္တိဇံဆရာ ယောဟန်၏အကြောင်း၊ သခင်ယေရှုဗတ္တိဇံမင်္ဂလာခံ တော်မူခြင်းအကြောင်းနှင့် ကိုယ်တော်အားစာတန် စုံစမ်းသွေးဆောင်ခြင်းအကြောင်းတို့ဖြင့်ခပ်တိုတို နိဒါန်းပျိုးပြီးလျှင် သခင်ယေရှုဆုံးမသြဝါဒ ပေးတော်မူပုံနှင့်လူနာများကိုကျန်းမာစေတော်မူပုံ တို့ကိုတင်ပြပေသည်။ သခင်ယေရှု၏တပည့်တော်တို့ သည်ကိုယ်တော်အကြောင်းကို တဖြည်းဖြည်းတိုး၍ နားလည်သိမြင်လာကြ၏။ သို့ရာတွင်ကိုယ်တော်၏ ရန်သူတို့သည် ကိုယ်တော်အားပိုမိုပြင်းထန်စွာ အတိုက်အခံပြုလာကြလေသည်။ လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းများကို အထူး အလေးပေးလျက်နောက်ဆုံးရက်သတ္တပတ်၌ဖြစ်ပျက် သည့်အမှုအရာများကိုတင်ပြထားသည်။
အကြောင်းအရာအကျဥ်းချုပ်
သတင်းကောင်းစတင်ပုံ 1း1-13
ဂါလိလဲပြည်တွင်သခင်ယေရှုအမှုတော်ဆောင်ခြင်း 1း14-9း50
ဂါလိလဲပြည်မှယေရုရှလင်မြို့သို့ 10း1-52
ယေရုရှလင်မြို့နှင့်အနီးတွင်နောက်ဆုံးရက်သတ္တပတ် 11း1-15း47
သခင်ယေရှုသေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း 16း1-8
ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရားကိုယ်ထင်ပြတော်မူခြင်းနှင့်
ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း 16း9-20
1
ဗတ္တိဇံဆရာယောဟန်၏ဟောပြောချက်
(မ၊ ၃:၁-၁၂။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈)
1 ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။- 2 ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က
နားထောင်ကြလော့။
ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
3 တောကန္တာရ၌အသံတစ်ခုသည်
``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။
ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။
ဟူ၍ဖော်ပြပါရှိသည်။
4 ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။- 5 ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။
6 ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။- 7 သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။- 8 ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
ဗတ္တိဇံမင်္ဂလာခံတော်မူခြင်းစာတန်စုံစမ်း သွေးဆောင်ခြင်း
(မ၊ ၃:၁၃-၄:၁၁။ လု၊ ၃:၂၁-၂၂၊ ၄:၁-၁၃)
9 ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။- 10 ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။- 11 ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
12 ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။- 13 တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။
တံငါသည်လေးယောက်ကိုခေါ်ယူတော်မူခြင်း
(မ၊ ၄:၁၂-၂၂။ လု၊ ၄:၁၄-၁၅၊ ၅:၁-၁၁)
14-15 ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
16 ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။- 17 သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။- 18 ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
19 ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။- 20 ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
ညစ်ညမ်းသောနတ်ပူးဝင်သူလူတစ်ယောက်
(လု၊ ၄:၃၁-၃၇)
21 ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။- 22 ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
23 ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။- 24 ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
25 သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။- 26 ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။- 27 လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။- 28 ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
များစွာသောရောဂါသည်တို့ကို ကျန်းမာစေတော်မူခြင်း
(မ၊ ၈:၁၄-၁၇။ လု၊ ၄:၃၈-၄၁)
29 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
30 ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။- 31 ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။- 32 နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။- 33 တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။- 34 ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။
ဂါလိလဲပြည်တွင်တရားဟောတော်မူခြင်း
(လု၊ ၄:၄၂-၄၄)
35 နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။- 36 ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။- 37 တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
38 ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
39 ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
အရေပြားရောဂါကိုပျောက်ကင်းစေတော်မူခြင်း
(မ၊ ၈:၁-၄။ လု၊ ၅:၁၂-၁၆)
40 အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
41 ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။- 42 မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။- 43-44 ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
45 ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။