ရှင်ယောဟန်
ပြုစုသည့်သတင်းကောင်း
နိဒါန်း
ရှင်ယောဟန်ပြုစုသည့်သတင်းကောင်းတွင်သခင် ယေရှုသည် "လူဇာတိကိုခံယူကာငါတို့ထံတွင် စံနေတော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းဖော်ပြထားလေသည်။ ထိုကျမ်းကိုပြုစု ရခြင်း၏ရည်ရွယ်ချက်မှာ သခင်ယေရှုသည်ဘုရား သခင်၏သားတော်၊ ဘုရားသခင်ကတိထားတော်မူ သောကယ်တင်ရှင်ဖြစ်တော်မူကြောင်းကို စာဖတ်သူတို့ ယုံကြည်လာကြစေရန်လည်းကောင်း၊ ယင်းသို့ ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကိုရရှိကြစေရန် လည်းကောင်းဖြစ်၏။ (20း31)
သခင်ယေရှုသည်ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းကိုနိဒါန်းပျိုးပြီးနောက် ဤကျမ်း၏ ပထမပိုင်းတွင် သခင်ယေရှုသည် ဘုရားသခင်၏ သားတော်တည်းဟူသောဘုရားသခင်ကတိထား တော်မူသော ကယ်တင်ရှင် ဖြစ်တော်မူကြောင်းကို သက်သေပြသည့်နိမိတ်လက္ခဏာများကိုတင်ပြသည်။ ထိုနောက်ထိုနိမိတ်လက္ခဏာများ၏အနက် အဋ္ဌိပ္ပါယ်များကိုရှင်းလင်းဖော်ပြသည့် ဆွေးနွေးခန်းများကိုတင်ပြသည်။ ဤအခန်းများမှာပင်သခင်ယေရှုအား လူအချို့တို့ယုံကြည်လာကာနောက်တော်သို့ လိုက်ကြပုံကိုလည်းကောင်း၊ လူအချို့တို့သည် ကိုယ်တော်အား ယုံကြည်ရန်ငြင်းဆန်လျက် အတိုက်အခံပြုကြပုံကိုလည်းကောင်းဖော်ပြသည်။ အခန်း 13 မှ 17 တွင် သခင်ယေရှုအဖမ်းခံတော်မူ ရမည့်ညဥ့်၌ ကိုယ်တော်နှင့်တပည့်တော်တို့ရင်းနှီးစွာ မိတ်သဟာယဖွဲ့ကြကြောင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူရခါနီး၌ တပည့်တော်တို့ကြုံတွေ့ ရမည့်အရေးကိစ္စများကိုရင်ဆိုင်နိုင်ရန် အားပေးစကားပြောကြားတော်မူကြောင်းတို့ကိုအကျယ်တဝင့် တင်ပြထားလေသည်။ အခန်း 18 မှ 21 တွင် သခင်ယေရှု အဖမ်းခံတော်မူခြင်း၊ အစစ်အဆေးခံတော်မူခြင်း၊ လက်ဝါးကပ်တိုင်တော်ပေါ်တွင်အသေခံတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းနှင့် တပည့်တော်တို့အားကိုယ်ထင်ပြတော်မူခြင်း အကြောင်းများပါရှိပေသည်။
8း1-11 ကိုကျမ်းမူများနှင့်ရှေးဘာသာပြန်များ တွင်မတွေ့ရပေ။ အချို့သောစာမူများကမူ ယင်းကိုအခြားနေရာတွင် ထည့်သွင်းဖော်ပြကြ သဖြင့် ယင်းကျမ်းပိုဒ်ကို "ကွင်းစကွင်းပိတ်" များဖြင့် ဖော်ပြထားသည်။
ရှင်ယောဟန်သည်ခရစ်တော်အားဖြင့်ရရှိသည့် ထာဝရအသက်တည်းဟူသောဆုကျေးဇူးတော်အကြောင်းကို အထူးအလေးပေး၍ရေးသားထား ၏။ သခင်ယေရှုအားခရီးလမ်း၊ သမ္မာတရား၊ အသက် အဖြစ်ဖြင့်ခံယူယုံကြည်သူတို့သည် ယခုဘဝမှအစပြု၍ထာဝရအသက်ကိုခံစား ရကြမည်ဖြစ်ကြောင်းတင်ပြသည်။ ရှင်ယောဟန်ပြုစု သည့်ကျမ်း၏ထူးခြားချက်မှာ လူတို့နေ့စဥ်တွေ့ထိ နေကျဖြစ်သောရေနှင့်အစာအာဟာရ၊ အလင်း၊ သိုးထိန်း နှင့်သိုး၊ စပျစ်ပင်နှင့်စပျစ်သီးစသည်တို့ကို ပုံဥပမာပေး၍ နက်ရှိုင်းသည့်အဋ္ဌိပ္ပါယ်ကိုထုတ်ဖော် ခြင်းပင်ဖြစ်ပေသည်။
အကြောင်းအရာအကျဥ်းချုပ်
နိဒါန်း 1း1-18
ဗတ္တိဇံဆရာယောဟန်နှင့်သခင်ယေရှု၏ တမန်တော်ဦးများ 1း19-51
သခင်ယေရှုအမှုတော်ဆောင်ခြင်း 2း1-12း50
ယေရုရှလင်မြို့နှင့်အနီးအနားတွင်
နောက်ဆုံးရက်သတ္တပတ် 13း1-19း42
သခင်ဘုရားသေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့်
ကိုယ်ထင်ပြတော်မူခြင်း 20း1-31
နောက်တစ်ကြိမ်ကိုယ်ထင်ပြတော်မူခြင်း 21း1-25
အသက်တည်းဟူသော နှုတ်ကပတ်တော်
၁
၁ ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
၂ နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။-
၃ ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
၄ ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
၅ ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
၆ ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။-
၇ တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။-
၈ သူသည်အလင်းတော်မဟုတ်။ အလင်းတော် အကြောင်းကိုသက်သေခံရန်လာသူဖြစ်၏။-
၉ ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
၁၀ နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။-
၁၁ ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
၁၂ သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။-
၁၃ ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
၁၄ နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
၁၅ ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
၁၆ ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
၁၇ ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
၁၈ လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ဗတ္တိဇံဆရာယောဟန်ဟောပြောသည့်တရား
(မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ လု၊ ၃:၁-၁၈)
၁၉ ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
၂၀ ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
၂၁ ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။
ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။
သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊
``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
၂၂ ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
၂၃ ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊
`ထာဝရဘုရားသခင်၏လမ်းခရီးတော်ကို ဖြောင့်တန်းအောင်ပြုကြလော့' ဟု
တောကန္တာရ၌ကြွေးကြော်နေသောအသံဖြစ်၏''
ဟုဆို၏။
၂၄ ယောဟန်ထံသို့ရောက်လာကြသောစေတမန် များတွင်ဖာရိရှဲအချို့ပါ၏။-
၂၅ ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
၂၆ ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
၂၇ ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
၂၈ ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
ဘုရားသခင်၏သိုးသူငယ်တော်
၂၉ နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
၃၀ `ငါမမွေးမီကပင်ရှိနေနှင့်သဖြင့် ငါ့ထက် ကြီးမြတ်သောသူသည်ငါ၏နောက်တွင်ကြွ လာလိမ့်မည်' ဟုယခင်အခါကငါဖော်ပြ ခဲ့သူကားထိုသူပင်တည်း။-
၃၁ ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။
၃၂ ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။-
၃၃ ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
၃၄ ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
သခင်ယေရှု၏တပည့်ဦးများ
၃၅ နောက်တစ်နေ့၌ယောဟန်သည် တပည့် နှစ်ယောက်နှင့်အတူရပ်လျက်နေစဉ်၊-
၃၆ သခင်ယေရှုကြွတော်မူသည်ကိုမြင် သဖြင့် ``ဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်လော့'' ဟုဆို၏။
၃၇ သူ၏တပည့်နှစ်ယောက်တို့သည်ထိုစကားကို ကြားလျှင် သခင်ယေရှု၏နောက်တော်သို့ လိုက်သွားကြ၏။-
၃၈ သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။
ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
၃၉ ကိုယ်တော်က ``လာ၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ ထိုအချိန်သည်ညနေလေးနာရီအချိန် ဖြစ်သည်။ သူတို့သည်လိုက်၍ကိုယ်တော်နေတော် မူရာအရပ်ကိုမြင်ပြီးလျှင် ကိုယ်တော်နှင့်အတူ မိုးချုပ်သည်တိုင်အောင်နေကြ၏။
၄၀ ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏ နောက်တော်သို့လိုက်သွားသူနှစ်ယောက်အနက် တစ်ယောက်မှာရှိမုန်ပေတရု၏ညီအန္ဒြေ ဖြစ်၏။-
၄၁ သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)-
၄၂ ထိုနောက်သူသည်ရှိမုန်အားသခင်ယေရှု ထံတော်သို့ခေါ်ဆောင်သွားလေသည်။
သခင်ယေရှုသည်ရှိမုန်ကိုကြည့်၍ ``သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ ကေဖနာမည် သစ်ကိုရလိမ့်မည်'' ဟုမိန့်တော်မူ၏။ (ကေဖ ကားပေတရုဟူသောအမည်နှင့်ထပ်တူ ဖြစ်၍ ကျောက်ဟုအနက်ရှိ၏။)
ဖိလိပ္ပုနှင့်နာသနေလတို့ကို တပည့်များအဖြစ် ရွေးချယ်တော်မူခြင်း
၄၃ နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
၄၄ (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)-
၄၅ ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
၄၆ နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။
ဖိလိပ္ပုက ``လာ၍ကြည့်ပါ'' ဟုဆို၏။
၄၇ နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
၄၈ နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။
သခင်ယေရှုက ``သင့်အားဖိလိပ္ပုမခေါ်မီ သဖန်းပင်အောက်တွင်ရှိနေစဉ်အခါကပင် လျှင် သင့်ကိုငါမြင်၏'' ဟုမိန့်တော်မူ၏။
၄၉ ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
၅၀ သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။-
၅၁ အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။
ကာနမြို့မင်္ဂလာဆောင်ပွဲ
၂
၁ နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။-
၂ သခင်ယေရှုနှင့်တပည့်တော်တို့အားလည်း ထိုပွဲသို့ဖိတ်ကြားထား၏။-
၃ စပျစ်ရည်ကုန်သွားသောအခါသခင်ယေရှု ၏မယ်တော်က ``ထိုသူတို့မှာစပျစ်ရည်မရှိ တော့ပါ'' ဟုကိုယ်တော်အားပြောကြား၏။
၄ သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
၅ ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
၆ ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။-
၇ သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။-
၈ ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။-
၉ ပွဲအုပ်သည်စပျစ်ရည်အဖြစ်သို့ပြောင်းလဲ လာသောရေကိုမြည်းစမ်းကြည့်၏။ အစေခံ များသည်စပျစ်ရည်ကိုအဘယ်မှရရှိ ကြောင်းသိကြသော်လည်း ပွဲအုပ်မူကား မသိ။ သို့ဖြစ်၍ပွဲအုပ်သည်မင်္ဂလာဆောင် သတို့သားအားခေါ်ပြီးလျှင်၊-
၁၀ ``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
၁၁ သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
၁၂ ထိုနောက်ကိုယ်တော်သည်မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူကပေရနောင်မြို့ သို့ကြွ၍ရက်အနည်းငယ်နေထိုင်တော်မူ၏။
ဗိမာန်တော်သို့ကြွတော်မူခြင်း
(မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆)
၁၃ ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
၁၄ ကိုယ်တော်သည်ဗိမာန်တော်အတွင်းတွင်နွားများ၊ သိုးများ၊ ချိုးငှက်များရောင်းသောသူများနှင့် ငွေလဲလှယ်နေသူများထိုင်လျက်နေသည်ကို တွေ့တော်မူ၏။-
၁၅ ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။-
၁၆ ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။-
၁၇ ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
၁၈ ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
၁၉ သခင်ယေရှုက ``ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့။ သုံးရက်အတွင်းငါပြန်လည်တည် ဆောက်မည်'' ဟုမိန့်တော်မူ၏။
၂၀ ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။
၂၁ ကိုယ်တော်ကားမိမိ၏ကိုယ်ခန္ဓာတော်တည်းဟူ သောဗိမာန်တော်ကိုရည်စူး၍မိန့်တော်မူခြင်း ဖြစ်၏။-
၂၂ သို့ဖြစ်၍တပည့်တော်တို့သည်ကိုယ်တော်သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူသောအခါ ဤ သို့ကိုယ်တော်မိန့်တော်မူခဲ့သည်ကိုပြန်လည် သတိရကြလျက် ကျမ်းစာတော်ကိုလည်း ကောင်း၊ သခင်ယေရှုမိန့်တော်မူခဲ့သော စကားတော်ကိုလည်းကောင်းယုံကြ၏။
လူ့အကြောင်းကိုသခင်ယေရှု သိတော်မူခြင်း
၂၃ ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
၂၄ သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။
၂၅ ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
သခင်ယေရှုနှင့်နိကောဒင်
၃
၁ ဖာရိရှဲဂိုဏ်းဝင်ဖြစ်သူနိကောဒင်နာမည်ရှိသော ယုဒအမျိုးသားခေါင်းဆောင်တစ်ယောက်ရှိ၏။-
၂ သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
၃ သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
၄ နိကောဒင်က ``အသက်ကြီးသောသူသည် အဘယ်သို့လျှင် တစ်ဖန်မွေးဖွားခြင်းကိုခံရ ပါမည်နည်း။ အမိဝမ်းသို့ပြန်၍ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကိုခံရပါ မည်လော'' ဟုလျှောက်၏။
၅ သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
၆ အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
၇ တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
၈ လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
၉ နိကောဒင်က ``ဤအမှုအရာသည်အဘယ် သို့ဖြစ်နိုင်ပါမည်နည်း'' ဟုလျှောက်၏။
၁၀ သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
၁၁ အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။-
၁၂ လောကနှင့်ဆိုင်သောအရာများကိုငါဖော်ပြ သောအခါ၌သင်တို့မယုံကြလျှင် ကောင်းကင် ဘုံနှင့်ဆိုင်သောအရာများကိုဖော်ပြသော အခါ၌ အဘယ်သို့လျှင်သင်တို့ယုံကြည် ကြမည်နည်း။-
၁၃ ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
၁၄-၁၅ မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။-
၁၆ ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
၁၇ သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
၁၈ သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-
၁၉ အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-
၂၀ ဆိုးယုတ်သူတိုင်းအလင်းကိုမုန်း၏။ မိမိ၏ အကျင့်ဆိုးပေါ်သွားမည်ကိုစိုး၍အလင်း အနီးသို့မကပ်ဝံ့။-
၂၁ သို့ရာတွင်သစ္စာတရားကိုကျင့်သောသူများ ကား မိမိပြုလေသမျှသောအရာတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ် ကြောင်းကို သိသာထင်ရှားစေရန်အလင်း သို့ချဉ်းကပ်လာတတ်သည်။
သခင်ယေရှုနှင့်ယောဟန်
၂၂ ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ နှင့်အတူ ယုဒကျေးလက်သို့ကြွတော်မူ၏။ ထိုအရပ်တွင်တပည့်တော်တို့နှင့်အတူနေ တော်မူလျက်ဗတ္တိဇံမင်္ဂလာကိုပေးတော်မူ၏။-
၂၃ ရှာလိမ်မြို့အနီးအဲနုန်အရပ်တွင်ရေများစွာ ရှိသဖြင့်ယောဟန်သည်လည်း ဗတ္တိဇံမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည်ယောဟန်ထံ သို့လာ၍ဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။-
၂၄ (ထိုအခါကယောဟန်ထောင်မကျသေးချေ။)
၂၅ ယောဟန်၏တပည့်အချို့တို့သည်သန့်ရှင်း ခြင်းမင်္ဂလာအကြောင်းနှင့်ပတ်သက်၍ ယုဒ အမျိုးသားတစ်ယောက်နှင့်အငြင်းပွား ကြ၏။-
၂၆ သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
၂၇ ယောဟန်က ``ဘုရားသခင်ပေးအပ်တော်မမူ လျှင် လူသည်အဘယ်အလုပ်တာဝန်ကိုမျှ မခံမယူနိုင်။-
၂၈ ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။-
၂၉ မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
၃၀ ထိုအရှင်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်'' ဟုဆို၏။
ကောင်းကင်ဘုံမှကြွလာတော်မူသော အရှင်
၃၁ ကောင်းကင်ဘုံမှကြွလာတော်မူသောအရှင် သည်အလုံးစုံတို့ထက်ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှပေါက်ဖွားသူသည်ကမ္ဘာမြေ ကြီးသားဖြစ်၍ မြေကြီးနှင့်ဆိုင်သော အကြောင်းအရာများကိုပြောတတ်၏။-
၃၂ ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
၃၃ ကိုယ်တော်၏ဟောပြောချက်ကိုလက်ခံသော သူမူကားယင်းသို့လက်ခံခြင်းအားဖြင့် ဘုရား သခင်သည်သစ္စာတော်ရှင်ဖြစ်ကြောင်းကို သက်သေခံသူဖြစ်၏။-
၃၄ ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
၃၅ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-
၃၆ သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
သခင်ယေရှုနှင့်ရှမာရိအမျိုးသမီး
၄
၁ သခင်ယေရှုသည်ယောဟန်ထက်ပို၍များ သောတပည့်များကို ဗတ္တိဇံမင်္ဂလာပေးလျက် နေသည်ကိုဖာရိရှဲတို့ကြားသိကြ၏။-
၂ (အမှန်မှာသခင်ယေရှုကိုယ်တော်တိုင်ဗတ္တိဇံ မင်္ဂလာကိုပေးတော်မမူ။ တပည့်တော်တို့သာ လျှင်ပေးခြင်းဖြစ်၏။)-
၃ ယင်းသို့ဖာရိရှဲတို့ကြားသိကြကြောင်းကို သခင်ယေရှုသိတော်မူလျှင် ယုဒပြည်မှ ထွက်ခွာတော်မူ၍ဂါလိလဲပြည်သို့ကြွ တော်မူ၏။-
၄ လမ်းတွင်ရှမာရိပြည်ကိုဖြတ်၍သွားရ၏။
၅ ရှုခါနာမည်ရှိသောမြို့သို့ရောက်တော်မူ၏။ ထိုမြို့သည်ယာကုပ်ကသားယောသပ်အား ပေးသည့်မြေယာအနီးတွင်တည်ရှိ၏။-
၆ ထိုအရပ်တွင်ယာကုပ်၏ရေတွင်းရှိ၏။ သခင် ယေရှုသည်ခရီးပန်းတော်မူသဖြင့်ရေတွင်း အနီးတွင်ထိုင်တော်မူ၏။ ထိုအချိန်ကားမွန်း တည့်အချိန်ခန့်ဖြစ်သတည်း။
၇ ရှမာရိအမျိုးသမီးတစ်ဦးသည်ရေခပ်ရန် ရောက်ရှိလာ၏။ သခင်ယေရှုက ``ငါ့အား သောက်ရေတစ်ခွက်ပေးပါ'' ဟုထိုအမျိုး သမီးအားမိန့်တော်မူ၏။-
၈ (တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။)
၉ ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။)
၁၀ သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၁ ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။-
၁၂ အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။
၁၃ သခင်ယေရှုက ``ဤရေကိုသောက်သူတိုင်း နောက်တစ်ဖန်ရေငတ်လိမ့်ဦးမည်။-
၁၄ ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၅ ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။
၁၆ ကိုယ်တော်က ``သွားလော့။ သင့်ခင်ပွန်းကိုခေါ် ခဲ့လော့'' ဟုမိန့်တော်မူ၏။
၁၇ ထိုအမျိုးသမီးက ``ကျွန်မမှာခင်ပွန်းမရှိ ပါ'' ဟုဆို၏။
ကိုယ်တော်က ``ကျွန်မမှာခင်ပွန်းမရှိဟုဆို သည်မှာမှန်ပေ၏။-
၁၈ သင့်မှာခင်ပွန်းငါးယောက်ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသူကားသင်၏ခင်ပွန်းမ ဟုတ်။ သင်သည်မှန်သောစကားကိုပြော၏'' ဟု မိန့်တော်မူ၏။
၁၉ အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
၂၀ ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။
၂၁ သခင်ယေရှုက ``အချင်းအမျိုးသမီး၊ ငါ့ စကားကိုယုံလော့။ ဤတောင်ပေါ်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်းခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်းမပြုတော့မည့်အချိန် ရောက်ရှိလာပေအံ့။-
၂၂ ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။-
၂၃ ဝတ်ပြုကိုးကွယ်သူတို့သည်ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း ဝိညာဉ် တော်တန်ခိုးအားဖြင့်မှန်ကန်စွာဝတ်ပြုကိုး ကွယ်ရမည့်အချိန်ရောက်လာလိမ့်မည်။ ယခု ပင်ရောက်လျက်ရှိ၏။ ထိုသို့ဝတ်ပြုကိုးကွယ် သူတို့ကိုခမည်းတော်နှစ်သက်တော်မူ၏။-
၂၄ ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ သဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ သည်လည်းကိုယ်တော်အမှန်စင်စစ်ဖြစ်တော်မူ သည့်အတိုင်း ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြ မည်'' ဟုမိန့်တော်မူ၏။
၂၅ အမျိုးသမီးက ``မေရှိယအရှင်ကြွလာတော် မူမည်ကိုကျွန်မသိပါ၏။ ထိုအရှင်ကြွလာ တော်မူသောအခါ ကျွန်မတို့အားအမှုအရာ ခပ်သိမ်းကိုရှင်းလင်းဖော်ပြတော်မူပါလိမ့်မည်'' ဟုလျှောက်၏။
၂၆ သခင်ယေရှုက ``ထိုအရှင်ကားသင်နှင့်ယခု စကားပြောနေသူငါပင်ဖြစ်၏'' ဟုမိန့်တော် မူ၏။
၂၇ ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
၂၈ အမျိုးသမီးသည်ရေအိုးကိုထားခဲ့၍မြို့ ထဲသို့သွားပြီးလျှင်၊-
၂၉ ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။-
၃၀ သို့ဖြစ်၍လူတို့သည်မြို့ထဲမှထွက်၍ ကိုယ်တော်၏ထံသို့လာကြ၏။
၃၁ ဤအတောအတွင်း၌တပည့်တော်တို့က ``အရှင် ဘုရား၊ အစားအစာသုံးဆောင်တော်မူပါ'' ဟု လျှောက်ထားတောင်းပန်ကြ၏။
၃၂ ကိုယ်တော်က ``သင်တို့မသိကြသည့်အစား အစာကိုငါသုံးဆောင်ပြီးပြီ'' ဟုမိန့်တော် မူ၏။-
၃၃ ထို့ကြောင့်တပည့်တော်တို့သည် ``ကိုယ်တော်အား အစားအစာဆက်ကပ်သူတစ်စုံတစ်ယောက်ရှိ လေပြီလော'' ဟုအချင်းချင်းမေးမြန်းကြ၏။
၃၄ ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
၃၅ နောက်လေးလမျှကြာလျှင်ကောက်ရိတ်ချိန် ရောက်လိမ့်မည်ဟု သင်တို့ဆိုတတ်ကြသည် မဟုတ်လော။ သင်တို့အားငါဆိုသည်ကား လယ်ပြင်တို့ကိုမျှော်ကြည့်လော့။ ရိတ်သိမ်း ရန်သီးနှံတို့သည်မှည့်ဝင်းလျက်ရှိပေပြီ။-
၃၆ ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။-
၃၇ `တစ်ဦးကားစိုက်၍နောက်တစ်ဦးကားရိတ်ရ၏' ဟူသောဆိုရိုးစကားသည်မှန်ကန်လျက်နေ သတည်း။-
၃၈ သင်တို့မစိုက်မပျိုးသည့်လယ်မှအသီး အနှံများကိုရိတ်သိမ်းရန်သင်တို့အားငါ စေလွှတ်၏။ အခြားသောသူတို့ကစိုက်ပျိုး လုပ်ဆောင်ကြ၍ သင်တို့ကအကျိုးကိုခံစား ကြရ၏'' ဟုမိန့်တော်မူ၏။
၃၉ ရှမာရိအမျိုးသမီးက ``ဤသူသည်ကျွန်မ ပြုခဲ့သမျှသောအမှုအရာများကိုပြော ပြပါ၏။'' ဟုဆိုသဖြင့်ထိုမြို့ရှိရှမာရိ အမျိုးသားအမြောက်အမြားပင်သခင်ယေရှု အားယုံကြည်လာကြ၏။-
၄၀ သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။
၄၁ ကိုယ်တော်၏တရားတော်ကိုကြားနာကြရ သဖြင့် ကိုယ်တော်အားယုံကြည်လာကြသူ အမြောက်အမြားလည်းရှိ၏။-
၄၂ ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
အရာရှိတစ်ဦး၏သားကို ရောဂါပျောက်စေတော်မူခြင်း
၄၃-၄၄ ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။-
၄၅ ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။
၄၆ ထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။-
၄၇ ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။-
၄၈ သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
၄၉ အရာရှိက ``အရှင်၊ အကျွန်ုပ်၏သားမသေမီ ကြွတော်မူပါ'' ဟုလျှောက်၏။
၅၀ သခင်ယေရှုက ``သွားလော့။ သင့်သားသည် အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုသူသည်သခင်ယေရှုမိန့်တော်မူသည့် စကားကိုယုံကြည်လျက်ထွက်သွား၏။-
၅၁ သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။
၅၂ ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။-
၅၃ ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။
၅၄ ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။